Sunday, November 13, 2011

ခရမ်းပြာပတ်လမ်းမှာ ချိတ်တွယ်နေတဲ့ လေတံခွန်



အရာအားလုံးကိုငြီးငွေ့လွန်းနေသည်မှာ ကြာပြီ ။ တော်တော်ကိုကြာခဲ့ပြီဖြစ်သည်။ နာရီသံတချက်ချက်  မြည်နေသည်။ အကြောင်းမဲ့ငေးငိုင်နေခြင်းဖြင့်အချိန်ဖြုန်းမိသည်။ စိတ်ထဲမှာစကားလုံးတွေဖြတ်ပြေးသွားတာ မြင်ရသည်။ မီးခလုပ်ကိုဖွင့်လိုက်သည်။ ဇာတ်လမ်းအစမှာပင် မင်းသားသေဆုံးပြီးဖြစ်ကြောင်း သတင်း ရရှိသည်။ ကိုယ်မောပန်းနေသည်။ မစိုက်ဖြစ်သော နှင်းဆီပင်တစ်ပင်ကို အားနာသည်။ အဆုံးမရှိနိုင်သော လှိုဏ်ခေါင်းမည်းမည်းတစ်ခုအတွင်းသို့ ၀င်ရောက်မိခဲ့ခြင်းဖြစ်ပေမည်။ မည်သည့်အရာကိုမှမျှော်လင့် မထား ခြင်းသည် ငြိမ်းချမ်းရလေသည်။ ကြောင်လေးတညောင်ညောင်အော်နေသည်။ သတ္တ၀ါတစ်ခု, ကံတစ်ခု ဟူသော စကားကလည်း တရားသည်။ တံမြက်စည်းလှည်းသွားသူကို မတွေ့ရပါ။ အမှိုက်စတစ်ချို့ကိုသာ သဲလွန်စ အဖြစ် ချန်ရစ်သည်။ ကျနော်ဘာကို ယစ်မူးရမည်နည်း။
ထိုနေ့က နေခြစ်ခြစ်တောက်ပူပါသည်။ ခေါင်းအနည်းငယ်မူးနေသောကြောင့်လည်း ဖြစ်မည်။ ဆံပင်တိုတို အလယ်ခွဲနှင့် ကောင်မလေးကို ချစ်မိသွားလေသည်။ လွန်ခဲ့သော ၁၅ နှစ်ကို ပြန်ရောက်ရှိသွားတာလား။ မသေချာပါ။ မျက်စိရှေ့မှာ လူသုံးယောက် ခွက်ထိုးခွက်လန် ရယ်နေသည်။ မှောက်ထားသောဖဲချပ်ကို ဆွဲလှန် လိုက်မိသည်။ လူငယ်လေးတစ်ယောက်၏ နာကျည်းနေသော မျက်နှာ ပေါ်လာသည်။ အမှန်တော့ မိုးတွေ  သည်းသည်းမည်းမည်းရွာနေဖို့ကောင်းသည်။ ကျနော်ချစ်သော ကဗျာစာအုပ်လေးတစ်အုပ်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သုညထဲသို့ ဘာမှထပ်ဖြည့်ရန် မလိုအပ်တော့ပါ။ လူ့ဘ၀သည် ရယ်မော စရာကောင်းလှသည်။ စာအုပ်အငှားဆိုင်မှာရလာသော အသိဥာဏ်များကို ဘ၀၏ဘယ်နေရာထိ သယ်သွား ရမည်နည်း။ ကြွေပန်းအိုးလေးလိုသာ လွတ်လွတ်လပ်လပ်ကျကွဲလိုက်ချင်ပါတော့သည်။
ယုန်မလေးမျက်နှာဖုံး စွပ်ထားသည်။ လေတံခွန်လွှတ်ရာတွင် မကျွမ်းကျင်သောကြောင့် ကျနော်ရှုံးပါသည်။ ခိုးခိုးခစ်ခစ်ရယ်သံ များကို ကြားလိုက်ရပြန်သည်။ အစိမ်းရောင်တွေလမ်းမှားပြီး ၀င်လာတာဖြစ်မည်။ ဘ၀မှာအတတ်နိုင်ဆုံးရိုးသားခဲ့ပါသည်။ သင်္ခါရတရားကိုမသိဘဲ ဒင်္ဂါးလေးတ၀ီဝီလည်နေသည်။ အမှတ်တရ  ဆိုတာ အံဆွဲထဲမှာ ရှိလိမ့်မည်။ ကြယ်တံခွန်လိုကြွေဖို့ ကောင်းကင်ဆီသို့ ပျံတက်ရပါလိမ့်ဦးမည်။ မစိုက်ပျိုး သေးဘဲရိတ်သိမ်းချင်နေသော လယ်သမားလေးလိုလည်း ရှက်လှသည်။ နေသည်အနောက်မှထွက်၍ အရှေ့  သို့ ၀င်ပါသည်။
သံသရာလား ၊ ရထားလား ၊ စိတ်ပိုင်းဆိုင်ရာဗဟိုပြုခြင်းလား။ မသိပါ ။ အကြောင်းတရားက မလှုပ်ဘဲ အကျိုး  တရားက ရွေ့ပါသည်။ ငြီးငွေ့လွန်းနေသာသိရဲ့လား။ မွန်းကြပ်လွန်းနေတာ သိရဲ့လား။ မေးခွန်းများဖြင့်သာ ထိုးစိုက်လိုက်ချင်ပါတော့သည်။ တော်ရာမှာနေရင်း ဆံပင်တွေရှည်လာတာကို တွေ့ရသည်။ တစ်ဖက်ကမ်းသို့ များများစားစားယူသွားရန်မရှိပါ။ ရယ်သံများကို ကြားနေရဆဲဖြစ်ပါသည်။ အနိုင်မယူတတ်သူသည် အလံဖြူ လည်း ဆောင်လေ့မရှိပါ။ မျက်စိရှေ့မှာတင် မျက်နှာဖုံးတစ်ခုပြုတ်ကျ လာခဲ့သည်။ ရောက်လာပါပြီ ။ သူ့လမ်း သူ သွားနေခြင်းဖြစ်၍ ကျနော်နှင့်သာ တည့်တည့်တိုးနေရပါသည်။ ဧပရယ်လဖြစ်ပါသည်။ မျက်စိရှေ့မှာတင် ကမ္ဘာကြီးပိုမိုတိမ်းစောင်းလာပါသည်။ အသက်ကြီးမှပြန်ဖြူစင်ရခြင်းသည် လေးကြောင်းမျဉ်းနှင့် လက်ရေးလှပြန်လေ့ကျင့်ရသလို ကသိကအောက်နိုင်ပါသည်။ ဘယ်အရာကိုမှ ငြိတွယ်မနေချင်သည့် အဖြစ် တွင် စိတ်ကငြိတွယ်လွန်းနေပါသည်။ ခိုးခိုးခစ်ခစ်ရယ်သံများကိုလည်း ကြားနေရပြန်သည်။ မေမေ့ကိုလည်း သိပ်လွမ်းရပါသည်။ ပျော်ရွှင်မှုဟူသည် ကျနော့်ထံမှကြိုးပြတ်သွားသော လေတံခွန်လေးသာဖြစ်ပါသည်။ ဗလာစာအုပ်ဖြူဖြူတွေမြင်တိုင်း ကျောက်သင်ပုန်းမဲမဲလေးတွေရှိသော ခေတ်ဆီသို့သာ စိတ်ကို ဇာတ်ကြိုး တပ်မိနေပါတော့သည်။ ။




-စစ်နိုင်
၁၉.၄.၂၀၁၁
Tuesday
a.m 3:00

No comments:

Post a Comment