Tuesday, November 22, 2011

"တစ်ကျော့ပြန်"




ကိုယ့်စိတ်ကိုယ် ဓားနဲ့ခွဲနေမှ နေရထိုင်ရတာအသက်ဝင်မယ်ဆို
ဒီဖြစ်တည်မှုကြီးတစ်ခုလုံးကို ငြင်းဆိုတယ်။
တဆိတ်ရှိလေးလံနေတတ်တဲ့ လက်မောင်းသွေးတွေကိုလည်း
စိတ်ကူးနဲ့ ချောင်းရိုက်ပြစ်လိုက်တယ်။
အသက်ဇီဝဖြစ်စဉ်ရဲ့ပေါ့ပါးလွတ်လပ်လိုခြင်းတွေက....
ပတတ်ရပ်လို့...။
ခုန်လို့.... .....။
ပေါက်လို့..... ..... .....။
နေထိုင်မှုပုံစံကို ပြောင်းလဲပစ်လိုက်တယ်။
အသက်ရှူနည်းအသစ်ကို လေ့ကျင့်တယ်။
ဒီနေ့ကစပြီး......
အိပ်ရေး၀၀အိပ်မယ်။
မနက်စောစောထမယ်။
ကိုယ့်ကိုယ်ကိုယ်လေးလေးစားစားဆက်ဆံမယ်။
ဘ၀ဆိုတာဒါပဲ!
အဆင်ပြေပျော်ရွှင်နေဖို့ပဲ!

-စစ်နိုင်
a.m 9:30
15.6.2011
Wednesday

Tuesday, November 15, 2011

ပင်လယ်ဝ


အဲ့ဒီ့ ပါးချိုင့်လေးက စတာပဲ ။             ။



-စစ်နိုင်p.m
11:00
27.2.2011
Sunday

Monday, November 14, 2011

ရှင်ကွဲ



လက်တစ်ကမ်းမှာတင်  မျက်လုံးချင်းဆုံနေရင်း
တမျှော်တခေါ်လွမ်းနေရတာမျိုးးးး ။          ။

-စစ်နိုင်
P.M ၀၀း၃၀
24.4.2011
Sunday

Sunday, November 13, 2011

အောင်မြင်မှုနဲ့ ၂၈ မိုင် ဝေးတဲ့နေ့



ချစ်ခြင်းမေတ္တာနဲ့အနီးတစ်ဝိုက်မှာ နေရောင်ခြည်ပိုမိုပူနွေးကြောင်း သိရတယ်
 ယဉ်ကျေးမှုမရှိတဲ့မြစ်တစ်စင်းဟာ ကိုယ်ဖြစ်ပြီး ၊ ဘယ်အရာကိုမှလွယ်လွယ်ရင်မခုန်တတ်တဲ့လူငယ်စိတ်ရှိတယ် ။
စီးကရက်တစ်လိပ်နဲ့အတူတူကဗျာရေးချင်စိတ်ပါ လောင်ကျွမ်းသွားကြောင်း မျက်မြင်သက်သေမရှိဘူး ။
သူ့နဲ့အဆင်မပြေတဲ့နေ့တွေဆို ဒုတိယကမ္ဘာစစ်လည်း ကိုယ်နဲ့ဆိုင်တယ် ။
အိပ်မက်တွေကပျံလွှားငှက်ဖြစ်လိုဖြစ် ၊ နှလုံးခုန်နှုန်းတွေလေယာဉ်ပျံသံဖြစ်ကုန်တယ် ။
သူ ဆံပင်တွေရှည်လာပြီ ။ လွမ်းမိတဲ့စိတ်က မီးပုံထဲခုန်ဆင်းသွားတယ် ။
ဘယ်သီချင်းသံမှခုန်ပေါက်ပြေးလွှားနေတာ မမြင်ချင်ဘူး ။
ကိုယ်မရှိတဲ့အရပ်မှာသူပျော်နေမလားဆိုတဲ့အတွေးနဲ့ ညနေခင်းကိုလမ်းဘေးချရပ်ထားရတယ် ။
ထိုးမြဲလက်မှတ်အပေါ်တာဝန်ကျေချင်တဲ့စိတ်က …..
သတိရခြင်းကို ခြေဆုံးခေါင်းဆုံးဝတ်ပြီး ခေတ်မှီနေတဲ့မြို့တော်လို နေထိုင်တယ် ။

-စစ်နိုင်
ရယ်စရာမဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၁၁
p.m 11:50
8.2.2011
Tuesday

ခရမ်းပြာပတ်လမ်းမှာ ချိတ်တွယ်နေတဲ့ လေတံခွန်



အရာအားလုံးကိုငြီးငွေ့လွန်းနေသည်မှာ ကြာပြီ ။ တော်တော်ကိုကြာခဲ့ပြီဖြစ်သည်။ နာရီသံတချက်ချက်  မြည်နေသည်။ အကြောင်းမဲ့ငေးငိုင်နေခြင်းဖြင့်အချိန်ဖြုန်းမိသည်။ စိတ်ထဲမှာစကားလုံးတွေဖြတ်ပြေးသွားတာ မြင်ရသည်။ မီးခလုပ်ကိုဖွင့်လိုက်သည်။ ဇာတ်လမ်းအစမှာပင် မင်းသားသေဆုံးပြီးဖြစ်ကြောင်း သတင်း ရရှိသည်။ ကိုယ်မောပန်းနေသည်။ မစိုက်ဖြစ်သော နှင်းဆီပင်တစ်ပင်ကို အားနာသည်။ အဆုံးမရှိနိုင်သော လှိုဏ်ခေါင်းမည်းမည်းတစ်ခုအတွင်းသို့ ၀င်ရောက်မိခဲ့ခြင်းဖြစ်ပေမည်။ မည်သည့်အရာကိုမှမျှော်လင့် မထား ခြင်းသည် ငြိမ်းချမ်းရလေသည်။ ကြောင်လေးတညောင်ညောင်အော်နေသည်။ သတ္တ၀ါတစ်ခု, ကံတစ်ခု ဟူသော စကားကလည်း တရားသည်။ တံမြက်စည်းလှည်းသွားသူကို မတွေ့ရပါ။ အမှိုက်စတစ်ချို့ကိုသာ သဲလွန်စ အဖြစ် ချန်ရစ်သည်။ ကျနော်ဘာကို ယစ်မူးရမည်နည်း။
ထိုနေ့က နေခြစ်ခြစ်တောက်ပူပါသည်။ ခေါင်းအနည်းငယ်မူးနေသောကြောင့်လည်း ဖြစ်မည်။ ဆံပင်တိုတို အလယ်ခွဲနှင့် ကောင်မလေးကို ချစ်မိသွားလေသည်။ လွန်ခဲ့သော ၁၅ နှစ်ကို ပြန်ရောက်ရှိသွားတာလား။ မသေချာပါ။ မျက်စိရှေ့မှာ လူသုံးယောက် ခွက်ထိုးခွက်လန် ရယ်နေသည်။ မှောက်ထားသောဖဲချပ်ကို ဆွဲလှန် လိုက်မိသည်။ လူငယ်လေးတစ်ယောက်၏ နာကျည်းနေသော မျက်နှာ ပေါ်လာသည်။ အမှန်တော့ မိုးတွေ  သည်းသည်းမည်းမည်းရွာနေဖို့ကောင်းသည်။ ကျနော်ချစ်သော ကဗျာစာအုပ်လေးတစ်အုပ်ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သုညထဲသို့ ဘာမှထပ်ဖြည့်ရန် မလိုအပ်တော့ပါ။ လူ့ဘ၀သည် ရယ်မော စရာကောင်းလှသည်။ စာအုပ်အငှားဆိုင်မှာရလာသော အသိဥာဏ်များကို ဘ၀၏ဘယ်နေရာထိ သယ်သွား ရမည်နည်း။ ကြွေပန်းအိုးလေးလိုသာ လွတ်လွတ်လပ်လပ်ကျကွဲလိုက်ချင်ပါတော့သည်။
ယုန်မလေးမျက်နှာဖုံး စွပ်ထားသည်။ လေတံခွန်လွှတ်ရာတွင် မကျွမ်းကျင်သောကြောင့် ကျနော်ရှုံးပါသည်။ ခိုးခိုးခစ်ခစ်ရယ်သံ များကို ကြားလိုက်ရပြန်သည်။ အစိမ်းရောင်တွေလမ်းမှားပြီး ၀င်လာတာဖြစ်မည်။ ဘ၀မှာအတတ်နိုင်ဆုံးရိုးသားခဲ့ပါသည်။ သင်္ခါရတရားကိုမသိဘဲ ဒင်္ဂါးလေးတ၀ီဝီလည်နေသည်။ အမှတ်တရ  ဆိုတာ အံဆွဲထဲမှာ ရှိလိမ့်မည်။ ကြယ်တံခွန်လိုကြွေဖို့ ကောင်းကင်ဆီသို့ ပျံတက်ရပါလိမ့်ဦးမည်။ မစိုက်ပျိုး သေးဘဲရိတ်သိမ်းချင်နေသော လယ်သမားလေးလိုလည်း ရှက်လှသည်။ နေသည်အနောက်မှထွက်၍ အရှေ့  သို့ ၀င်ပါသည်။
သံသရာလား ၊ ရထားလား ၊ စိတ်ပိုင်းဆိုင်ရာဗဟိုပြုခြင်းလား။ မသိပါ ။ အကြောင်းတရားက မလှုပ်ဘဲ အကျိုး  တရားက ရွေ့ပါသည်။ ငြီးငွေ့လွန်းနေသာသိရဲ့လား။ မွန်းကြပ်လွန်းနေတာ သိရဲ့လား။ မေးခွန်းများဖြင့်သာ ထိုးစိုက်လိုက်ချင်ပါတော့သည်။ တော်ရာမှာနေရင်း ဆံပင်တွေရှည်လာတာကို တွေ့ရသည်။ တစ်ဖက်ကမ်းသို့ များများစားစားယူသွားရန်မရှိပါ။ ရယ်သံများကို ကြားနေရဆဲဖြစ်ပါသည်။ အနိုင်မယူတတ်သူသည် အလံဖြူ လည်း ဆောင်လေ့မရှိပါ။ မျက်စိရှေ့မှာတင် မျက်နှာဖုံးတစ်ခုပြုတ်ကျ လာခဲ့သည်။ ရောက်လာပါပြီ ။ သူ့လမ်း သူ သွားနေခြင်းဖြစ်၍ ကျနော်နှင့်သာ တည့်တည့်တိုးနေရပါသည်။ ဧပရယ်လဖြစ်ပါသည်။ မျက်စိရှေ့မှာတင် ကမ္ဘာကြီးပိုမိုတိမ်းစောင်းလာပါသည်။ အသက်ကြီးမှပြန်ဖြူစင်ရခြင်းသည် လေးကြောင်းမျဉ်းနှင့် လက်ရေးလှပြန်လေ့ကျင့်ရသလို ကသိကအောက်နိုင်ပါသည်။ ဘယ်အရာကိုမှ ငြိတွယ်မနေချင်သည့် အဖြစ် တွင် စိတ်ကငြိတွယ်လွန်းနေပါသည်။ ခိုးခိုးခစ်ခစ်ရယ်သံများကိုလည်း ကြားနေရပြန်သည်။ မေမေ့ကိုလည်း သိပ်လွမ်းရပါသည်။ ပျော်ရွှင်မှုဟူသည် ကျနော့်ထံမှကြိုးပြတ်သွားသော လေတံခွန်လေးသာဖြစ်ပါသည်။ ဗလာစာအုပ်ဖြူဖြူတွေမြင်တိုင်း ကျောက်သင်ပုန်းမဲမဲလေးတွေရှိသော ခေတ်ဆီသို့သာ စိတ်ကို ဇာတ်ကြိုး တပ်မိနေပါတော့သည်။ ။




-စစ်နိုင်
၁၉.၄.၂၀၁၁
Tuesday
a.m 3:00

ကျနော့်နှုတ်ခမ်းဖျားပေါ်က တဆတ်ဆတ်တုန်ယင်နေတဲ့အမှန်တရားဟာ မနှင်းဆီ


ချစ်ခြင်းမေတ္တာဟာ ဘတ်စ်ကားအိုကြီးတစ်စင်းလို
မြို့ပြလူထုနဲ့ကင်းကွာလာတာ တွေ့ရတယ်။
မွန်းကြပ်မှုအမြင့်ဆုံးအဆင့် ။ အနူးညံ့ဆုံး ထွက်ပေါက်။
စကားပြောခန်းတစ်ခုမှ စကားလုံးရင်ကွဲသံ။
တစ်နေ့နေ့ဆိုတဲ့အတွေးနဲ့တင် ကျနော်ဖြာကနဲ ပြိုဆင်းသွားတယ် မနှင်းဆီ။
ကျနော်က ခြေဆုံး,ခေါင်းဆုံးမယဉ်ကျေးတဲ့ကောင်။ ထာဝရလိပ်ပြာ လုံချင်တယ်။
အသက် ၂၈ နှစ်ရှိပြီ ။ အခုချိန်ထိ ပတ်ဝန်းကျင်က ကျနော့်ကို အရောင်အဆင်းမှားတုန်းပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းက လည်မြိုတစ်လျှောက် တဖြည်းဖြည်းချင်းနေရာယူလာတယ်။
အရသာမရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အဖြစ်နဲ့ပဲ ကျနော်မှာ စီးဆင်းခဲ့ရပြီ။
လူ့ဘ၀တစ်ခါရောက်တိုင်း မနှင်းဆီကဗျာတစ်ပုဒ် ကျနော်ရေးခဲ့မယ်။
ကျနော်ခေတ်အဆက်ဆက် မြတ်နိုးလာတဲ့ယဉ်ကျေးမှုဟာ
မနှင်းဆီဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းကလူတွေ သိပါစေ။
ဖြစ်လေရာဘ၀မှာ အနုပညာနဲ့သာပေါင်းဖက်ပါ့မယ် မနှင်းဆီ။
ကျနော့်ကို ယုံပါ ။
ကျနော့်ကိုယ်ပိုင်တံဆိပ်က တော်လှန်ရေးမျက်လုံးနဲ့၊ ရဲဝံ့တည်ကြည်ခြင်းပဲ မနှင်းဆီ။
ပြင်းပြင်းထန်ထန်မယုံကြည်ဘဲ ဘယ်အကြောင်းအရာကိုမှ လက်ဖျံရိုးထဲပေးမ၀င်ဘူး။
ကျနော့်ဘ၀မှာတော့ ဟားဗက်စ်တက္ကသိုလ်ပဲ တက်ချင်တယ်။
စပိန်ဂစ်တာတစ်လက်ပဲ ဖြစ်ချင်တယ်။
အရေပြားပေါ်လျှံကျနေတဲ့လူငယ်စိတ်နဲ့ ခေတ်ကိုကိုယ်ကပြန်ချော့သိပ်ချင်တယ်။
အမှန်တရားဟာ မြန်မြန်သေမယ့်ရောဂါတစ်ခုအနေနဲ့ ကျနော့်ခန္ဓာကိုယ်ထဲဝင်လာတယ်။
ရန်ကုန်မြို့ကြီးဟာ ဇာတ်လမ်းတွဲတွေနဲ့ လှည်ဖျားခံထားရတယ်။
မိုးရေချိန်ဘယ်လောက်ရွာသွန်းပြီး
ကျနော်တို့ငြိစွန်းခွင့်ကို ခင်ဗျားငြင်းပယ်မလဲ။
သပ်သပ်ရပ်ရပ်ပြုံးရတာ လိပ်ပြာနာလာတယ် မနှင်းဆီ။
လုပ်ငန်းခွင် ၊ မျက်လုံးအသေ ၊ အနာဂတ် ၊ ရှင်ကွဲ/သေကွဲ ။
ဘယ်ကြိုးကိုလှမ်းဆွဲပြီး ပျော်ရွှင်ရမလဲဆိုတာ ကျနော့်ကိုပြောပါ။
ကျနော်က အဘိဓာန်မှာမပါတဲ့ အက္ခရာလေးတစ်လုံးပါ မနှင်းဆီ။
ယနေ့ခေတ်လူ့အဖွဲ့အစည်းကို ကျနော်ငြီးငွေ့တယ်။
ကတ်ကိုဘိန်းရဲ့သေတမ်းစာမှာ ကျနော့်သဘောထားတွေ အများကြီးပါတာကို
ခင်ဗျားငြင်းပယ်နိုင်တယ် မနှင်းဆီ ။
ပျော်ရွှင်မှုကိုရှာဖွေရင်း မိမိကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့အခါ
အပြောင်းအလဲကို အသက်ပေးပြီးဝယ်ရတာလည်း နူးညံ့မှန်ကန်လွန်းပါတယ်။
ကမ္ဘာကြီးကိုညာလို့ရတယ် ။ ချစ်ခြင်းမေတ္တာကို ညာလို့မရဘူး မနှင်းဆီ ။
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ၊ ရှုမျှော်ခင်းတွေ မျှော်ကြည့်ရင်း
ကိုယ့်ကိုယ်ကိုယ်မေး,ထူး,ခေါ်,ပြောလုပ်ရတာ ပိုသဘာဝကျပါတယ်။
အခြေခံလူတန်းစားတွေစိတ်ထဲက အရောင်တဖျတ်ဖျတ်တောက်ပနေခြင်းဟာ
ဒီကမ္ဘာကြီးနာကျည်းရမယ့် ညနေစာဖြစ်တယ် မနှင်းဆီ ။
လူဆိုတာ ကိုယ့်အရိပ်ကိုယ်ကြောက်လန့်ရလောက်အောင်
အမှားတွေကို နင်းမိတတ်တယ် ။ ခင်ဗျား ဖြူစင်ပါ။ ယနေ့မှစ ၊ သံသရာထိတိုင် ဖြူစင်ပါ။
ကျနော်ရင်ဘတ်အောင့်အောင့်နေခြင်းဟာ ခင်ဗျားဖြူစင်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ပါစေ။
ဒီအတိုင်းဆို သိပ်မကြာခင်မှာပဲ မနှင်းဆီ နဲ့ အရာအားလုံးကိုကျနော်ထားရစ်ခဲ့ရတော့မယ်။
ကျနော်တို့တူတူကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို ကျနော့်အတွက်ပိုနားထောင်ပေးပါ။
ချောင်းဆိုးရင်းသွေးပါလာတာလည်း အနုပညာပဲ မနှင်းဆီ။
ကျနော်သွားနှင့်တော့မယ် ။ ။


- စစ်နိုင်
a.m 9:00
4.4.2011
Monday

ရေခြား,မြေခြားမှာ ဖတ်ဖို့....



အစာအိမ် အောင့်နေတယ်
နေရထိုင်ရတာ အဆင်မပြေဘူး
လူရောကဗျာတွေပါ ချူချာတာ ၃,၄ နှစ် ရှိပြီ
ဘာမှ မတတ်နိင်ဘူး
ချောင်းတဟွတ်ဟွတ် ဆိုးတယ်
အစွပ်စွဲ ခံရတယ်
ကျနော် မပျော်တော့ဘူး
အပစ်အခတ်ရပ်စဲရေးစကားလုံးတွေပဲ ပြန်ပြန်မြင်နေတယ်
လူက ကုတင်ပေါ်မှာ ထိုင်နေရင်း
စိတ်က ချောက်နက်ကြီးထဲ ထိုးဆင်းသွား
ဘယ်လို လုပ်ရမလဲ
ဒီမျက်နှာကို မြင်ယောင်မိပြန်ပြီ
သိတယ်..ဒီကောင်းကင်က မိုးမရွာတော့ဘူး
အစာအိမ်အောင့်ပြန်ပြီ
ဓာတ်ပုံတစ်ပုံက စိတ်ထဲမှာ လာလာကပ်နေတယ်
အဆင်မပြေဘူး
ချောင်းဆိုးပြီ
ဖျားနေပြီ ထင်တာပဲ
ကဗျာရေးမယ်
အလွမ်းပြေကြည့်ဖို့ နှင်းဆီပင်လေးတစ်ပင် စိုက်ဦးမယ်
နှင်းစက်လေးတွေနဲ့ စိုစွတ်နေရင် ပျော်မယ်
ဒါပဲ....
ကိုယ်တတ်နိင်သလောက်ပေါ့
အစာအိမ် အောင့်ပြန်ပြီ
နဖူးမှာ ချွေးတွေ စို့လာတယ်
ချောင်းဆိုးပြီ
အသက်ရှူလမ်းကြောင်းမှာ နာမည်တစ်ခု ခံနေတယ်
ခက်တာပဲ
ကျနော် မပျော်တော့ဘူး
ကိုယ့်စိတ် နဲ့ ကိုယ် နဲ့ ဝေးချင်တယ်
နားလည်မှု ဆာတယ်
ထုနဲံ့ထည်နဲ့ စိတ်ပျက်လွန်း
ကိုယ်ပူတယ်
ဖွင့်ပြောလိုက်ပြီ
သုညမှတ်အောက်ထိ ထိုးဆင်းသွား
အစာအိမ် အောင့်ပြန်ပြီ
အစတည်းက သိတယ်
ချောင်းဆိုးပြီ
ယဉ်ကျေးမှုအကြောင်းကို မတွေးခေါ်ချင်ဘူး
သူမက ဆံပင်ရှည်လေးနဲ့
ဖျားနေပြီ ထင်တာပဲ
ကျနော် ပြောနိုင်တာ ဒါပဲလေ
ရိုင်းတယ်...မနာခံတတ်ဘူး...
ခက်တယ်..အစာအိမ် အောင့်ပြန်ပြီ
အရင် ... အရင်...တွေ   ပြန်ပေးပါ
ချောင်း ဆိုး ပြီ
အနုပညာကို ခြုံအိပ်ရတာ လေတိုးတယ်
ရှုံးလိုက်တာ
ကျနော် မပျော်တော့ဘူး
မြို့ကြီးပြကြီးကို စာရေးမယ်
လေယာဉ်ပျံတွေတွေ့တိုင်း လွမ်းတယ်လို့...........။                         ။

စစ်နိုင်IDEAl MAGAZINE (April), Poem's Corner
a.m 1:30   16.12.2010
Thursday